မိုင်းရှူး ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးရှိ ဆရာတော်၊ သံဃာတော်များ၏ ၂၀၂၂-၂၀၂၃ခုနှစ်၊ (၃၁)ကြိမ်မြောက် ပရိယတ္တိသဒ္မပါလ စာမေး၊ စာဖြေပွဲတော်ကို ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၄)ရပ်ကွက်ရှိ ယုံးပေါင်းကျောင်းတိုက်၌ ကျင်းပဖြေဆိုကြသည်။
ထိုသို့ ပရိယတ္တိသဒ္မပါလ စာပွဲတော်ကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ပဓာနနာယက ဘဒ္ဒန္တကဝိန္ဒဆရာတော်ကြီးမှ ဦးဆောင်ပြီး မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်နှင့်ကြီးကြပ် ရဟန်းတော်(၁၀၃)ပါးတို့က မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၃၃)ကျောင်းမှ အခြေခံမူလတန်း(ပထမ)နှစ်(၂၆၄)ပါး၊ အခြေခံမူလတန်း (ဒုတိယ)နှစ်(၁၈၅)ပါး၊ စုစုပေါင်းစာဖြေသာမဏေ(၄၄၉)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဆွမ်း၊ ဝေယျာဝိစ္စများနှင့် နဝကမ္မလှူဖွယ်ပစ္စည်းများကို ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် မြို့ပေါ်စေတနာရှင်များက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့ထိ ရက်အလိုက်အလှည့်ကျ ဒါနကုသိုလ်၊ လုပ်အားကုသိုလ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)