ကျွန်းစုမြို့တွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ သိရှိဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ကျွန်းစု ဖေဖော်ဝါရီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ စစ်ဦးစီးအရာရှိချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က ကျွန်းစုမြို့နယ်တွင်ဒေသဖွံ့ဖြိုး တိုးတက်စေရေးအတွက် လိုအပ်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သိရှိ၍ ဆောင်ရွက်‌ပေးနိုင်ရေးအတွက် လာရောက်ရခြင်းဖြစ်ပြီး မိမိအနေဖြင့်ကျွန်းစုမြို့၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့်အတွက် ဒေသအခြေအနေအားနားလည်ကာ လိုအပ်ချက်များကိုလည်း သိရှိပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနအလိုက် လုပ်ငန်းလိုအပ်ချက်များနှင့် ကြုံတွေ့နေရသည့် အခက်အခဲများအား တင်ပြပေးစေလိုကြောင်း၊ မိမိအနေနဲ့ တတ်နိုင်သည့်ဘက်မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ကြရာ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က လိုအပ်ချက်များအား ပေါင်းစ ပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

တွေ့ဆုံပွဲသို့ စစ်ဦးစီးအရာရှိချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့် ကျွန်းစုမြို့၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ အရာရှိများ၊ ကျွန်းစုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)