ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ်မြောက် ပရိယတ္တိပါလကစာမေးပွဲ တော်ကြီးဆက်လက်ကျင်းပ

ဟိုပုံး ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် သံဃာတော်များက ဦးဆောင်ကြီးမှူးကျင်းပသော သတ္တမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလက စာမေးပွဲတော်ကြီးကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်တွင် ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

ပရိယတ္တိပါလကစာမေးပွဲတွင် ဓမ္မာစရိယတန်း ရဟန်း(၂၈)ပါး၊ သာမဏေ(၁)ပါး၊ သီလရှင်(၂)ပါး၊ ပထမကြီးတန်းတွင် ရဟန်း(၁၂)ပါး၊ သီလရှင်(၁)ပါး၊ ပထမလတ်တန်းတွင် ရဟန်း(၂)ပါး၊ သာမဏေ(၁၇)ပါး၊ သီလရှင်(၁)ပါး၊ ပထမငယ်တန်းတွင် ရဟန်း(၅)ပါး၊ သာမ‌ဏေ (၅၅)ပါး၊ သီလရှင်(၁၇)ပါး၊ အခြေပြုမူလတန်း တွင် ရဟန်း(၄)ပါး၊ သာမဏေ(၂၀၆)ပါး၊ သီလရှင်(၁၈)ပါး၊ မူလတန်းတွင် သာမဏေ (၂၄၀)ပါး၊ သီလရှင်(၁၈)ပါး၊ သေခီယတန်းတွင် သာမဏေ(၃၄၄)ပါး၊ သီလရှင်(၄၁)ပါးနှင့် ပါဒကတန်းတွင် သာမဏေ(၆၃၀)ပါး၊ သီလရှင် (၆၁)ပါး စုစုပေါင်း(၂၁၆၉)ပါးဝင်ရောက်ဖြေဆိုကြောင်းသိရသည်။ ပရိယတ္တိပါလက စာမေးပွဲတွင် ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ အောင်ပန်းမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်၊ ပင်းတယမြို့နယ်၊ ပင်လုံမြို့နယ်၊ မိုးနဲမြို့နယ်၊ ညောင်ရွှေမြို့နယ်တို့မှ ရဟန်း၊ သာမဏေနှင့် သီလရှင်များ ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲကို ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း(၁)ရက် ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှ ဖေဖော်ဝါရီ လ(၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဒါယကာ၊ ဒါယိကာမများအနေဖြင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)