လိပ်သို ဖေဖော်ဝါရီ ၂၀
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်လူငယ်များ အသိပညာဖွံ့ဖြိုးတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံသော လူငယ်၊ လူရွယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ်ကို ယနေ့နံနက် (၁၀) နာရီအချိန်က လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝါသနာသည် လူကြီး၊ လူငယ်၊ လူလတ်စသည့် လူတန်းစားမရွေး၊ အသက်အရွယ်မရွေး၊ လူတိုင်းနှင့် သင့်လျော်ပါကြောင်း၊ စာဖတ်ခြင်းသည် တစ်နည်းအားဖြင့် စိတ်ကိုအစာကျွေးခြင်းဖြစ်ကြောင်း Talk Show ဆွေးနွေးပွဲအစီအစဉ် ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။
ဆက်လက်ပြီး စာပေဝါသနာရှင်(Book Club)အဖွဲ့ဝင် နော်ခရစ္စမိုးဝင်းက အနာဂတ် လူငယ် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာ သင်ကြားခြင်း၏ အကျိုးကျေးဇူးများနှင့် စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာအတတ်ပညာရရန်အတွက် ပညာဗဟုသုတ ရရှိမည့်စာပေများ ကို ဖတ်ရှုကြရန်၊ စာပေမှ ရရှိသော အသိပညာနှင့် နေ့စဉ်ကြုံတွေ့နေရသည့် လူမှုနယ်ပယ်တွင် အသုံးချခြင်း၊ စာဖတ်ခြင်းဖြင့် ဖတ်သူတို့၏ အတွေးအခေါ်နှင့် အကြားအမြင်တို့ကို ရွှေကဲ့သို့ အဖိုးထိုက်တန်လာစေပါကြောင်း၊ အလိမ္မာစာမှာရှိ၊ စာအုပ်စာပေလူ့မိတ်ဆွေ ဆိုသည့်စကားပုံများအတွက် စာအုပ်များသည် လူသားတို့အဖို့ သစ္စာရှိသော ထာဝရမိတ်ဆွေများလည်းဖြစ်ပါကြောင်း စသည့်အကြောင်း အရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနအနေဖြင့် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် Talk Show အစီအစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)