မောက်မယ် ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အောင်မင်္ဂလာမွေတော်ကျောင်း စာသင်တိုက်မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကြီးမှူးကျင်းပသည့် (၈)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာဖြေပွဲတော်အခမ်းအနားကို ယမန်နေ့နေ့လယ်(၁၂)နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသောဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော် ဘုရားကန်တော့အခမ်းအနားဖွင့်လှစ်ကာ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဘောဂသာရ ထံသြဝါဒကထာမြွက်ကြားတော်မူပြီး မေးခွန်းလွှာများကို မွေတော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ဆရာတော်ထံပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ (၈)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာဖြေပွဲတော်သို့ မြို့နယ်အတွင်းရှိ သံဃာတော်စာဖြေကိုရင်များ မူလတန်းဆင့်(ပထမနှစ်)(၄၄)ပါး၊ မူလတန်းဆင့်(ဒုတိယနှစ်)(၃၃)ပါး စုစုပေါင်း(၇၇)ပါး ဝင်ရောက်ဖြေဆိုတော်မူပြီး ထိုစာဖြေပွဲတော်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)