ရန်ကင်းမြို့နယ် မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ဒဿမအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ရန်ကင်း ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ယမန်နေ့ နေ့လယ်(၁)နာရီက ရန်ကင်းမြို့နယ် မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ဒဿမအကြိမ်မြောက် ရန်ကင်းမြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ကျောက်ကုန်းတောရ မေဒိနီကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလ၊ ပရိတ်တရားတော်များနှင့် ဩဝါဒဂါထာများကို  နာယူကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်မှ သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးများအနက်မှ ဆရာတော်ကြီး(၃)ပါး၏ ထေရုပတ္တိများကို ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၁၁)ပါးနှင့် ထူးချွန်ဘွဲ့ရ သံဃာတော်(၃)ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့်ဂုဏထောမနာ ချီးကျူးပူဇော်လွှာနှင့် ဂုဏပူဇာတို့ကို ဆက်ကပ်လှူဒါန်းပြီး မြို့နယ်ဩဝါဒစရိယ(၁၂)ပါး ဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီး(၅)ပါးနှင့် စာအောင်သံဃာကျောင်းတိုက်များ၏ ဦးစီးပဓာန နာယကဆရာတော်ကြီး(၁၃)ပါး၊ အစိုးရနိကာယ်စာမေးပွဲဘွဲ့ရ စာအောင်သံဃာတော်(၇)ပါး၊ သီလရှင်(၁)ပါး၊ ပါဋ္ဌိပထမပြန်စာမေးပွဲအောင် ပထမကြီးတန်း(၁၈)ပါး၊ ပထမလတ်တန်း(၂၂)ပါး၊ ပထမငယ်တန်း(၅)ပါး၊ အခြေပြုမူလတန်းစာအောင်သံဃာတော်(၁၇)ပါးအား အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ပဥ္စနိကာယသာသနာ့ဗိမာန်ကျောင်းတိုက် ဆရာတော်မှ ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)