မောက်မယ် ဖေဖေါ်ဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိဒေသခံတောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေမှ ချေးငွေများပေးအပ်ခြင်းနှင့်စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် အမှာစကားပြောကြားပြီး မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး(၁)ဦးသက်နိုင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စိုက်ပျိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး(၂) ဒေါက်တာဝင်းဌေးက နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေမှ ချေးငွေများလွှဲပြောင်းထုတ်ချေးမှု နှစ်ဦးနှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုကြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က ဦးခွန်ဇေယျပါ(၁၀)ဦးအား နေကြာ၊ မြေပဲ၊ နှမ်းစိုက်ပျိုးရေးလုပ်ငန်းအတွက်ချေးငွေ(၄၈၈)သိန်း၊ ဦးခွန်သိန်းပါ(၁၀)ဦးအား ဝက်နှင့်ကြက်မွေးမြူရေးလုပ်ငန်းအတွက် ချေးငွေ(၄၃၅)သိန်းစုစုပေါင်းကျပ်(၉၂၃)သိန်းကို လုပ်ငန်း(၃)ခုသို့ တောင်သူတစ်ဦးချင်းအား ကျေးရွာအလိုက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေမှချေးငွေများကို လုပ်ငန်းအစုအဖွဲ့များသို့ အတိုးနှုန်းပြား(၆၀)ဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကာ အတိုးငွေများကို(၃)လတစ်ကြိမ် ပုံမှန်ပေးဆပ်ရမည်ဖြစ်ပြီး အရင်းငွေအား တစ်နှစ်ပြည့်လျှင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း အဆိုပါကြီးကြပ်မှုကော်မတီအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)