မိုင်းယောင်းမြို့တွင် မျှစ်ခါးများစျေးကောင်းရ၍ တောင်သူများပျော်ရွှင်

မိုင်းယောင်း ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရာသီချိန်ထွက်ရှိလာသည့် မျှစ်ခါးများ ပေါ်ဦးပေါ်ဖျားကာလတွင် ဝယ်ယူသူများပြားပြီး အဖွင့်စျေးကောင်းရသဖြင့် မျှစ်ခါးရှာဖွေရောင်းချသူများ မိသားစုဝင်ငွေအဆင်ပြေကာ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

မျှစ်ခါးကို ဟင်းချိုရည်ချက်သောက်၍လည်းကောင်း၊ မီးဖုတ်၍ဖြစ်စေ၊ ပြုတ်ပြီးမှဖြစ်စေ တို့စရာအဖြစ်လည်းကောင်း၊ အသားများနှင့် ကြော်ချက်၍လည်းကောင်း အမျိုးမျိုးချက်ပြုတ် ပြုလုပ်စားသုံးနိုင်သော ဒေသရိုးရာအစားအစာတစ်မျိုးဖြစ်သည်။

“တောတောင်လျှိုထဲမှာ သဘာဝအတိုင်း ပေါက်ရောက်နေတဲ့ မျှစ်ခါးပင်များမှ မျှစ်ခါးတွေကို မြေကြီးထဲ ရှာဖွေတူးဖော်ယူရပါတယ်။ အဆိုပါ မြေကြီးထဲမှ ရှာဖွေတူးယူရတဲ့ မျှစ်ခါးကိုတချို့က မိုးမခမျှစ်ခါးလို့ ခေါ်ဆိုကြပါတယ်။ ပေါ်ဦးပေါ်ဖျားကာလဖြစ်တဲ့အတွက် မျှစ်ခါး တစ်စည်းလျှင် ကျပ် ၂၀၀၀ မှ ကျပ် ၅၀၀၀ အထိ ရောင်းချရပါတယ်”ဟု မျှစ်ခါးရှာဖွေရောင်းချသူ အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရသည်။

မိုင်းယောင်းမျှစ်ခါးသည် အရသာ​ကောင်းမွန်သဖြင့် ဒေသတွင်းလူကြိုက်များကာ မိုင်းဖြတ်၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များသို့ တစ်ဆင့်ဝယ်ယူရောင်းချသူများလည်းရှိကြောင်း၊ တပေါင်းလနှင့် တန်ခူးလတွင် မိုးဦးလေဦး တစ်ကြိမ်၊ နှစ်ကြိမ်ရွာချပြီးပါက တောတောင်လျှိုထဲ သဘာဝအတိုင်းပေါက်ရောက်နေသော မျှစ်ခါးပင်များမှ မျှစ်ခါးများ လှိုင်လှိုင်ပေါ်တော့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း