ကျောက်ဆည်မြို့နယ် ကျီးအိပ်‌ကျေးရွာတွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံရေး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာမျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးနည်းပညာများ ကူညီပံ့ပိုးမှုဖြင့် မျိုးစေ့ထုတ် ဆောင်းနေကြာစိုက်ခင်းများ စိုက်ပျိုးထားရာ ကျီးအိပ်ကျေးရွာမှ  တောင်သူဦးကြည်ဌေး စိုက်ပျိုးထားသော မျိုးစေ့ထုတ် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မျိုးစေ့ထုတ် ဆောင်းနေကြာစိုက်ခင်းများကို ကျီးအိပ်ကျေးရွာမှ တောင်သူ(၅)ဦး၏ စိုက်ပျိုးမြေများတွင် (၅)ဧက၊ ရှားပင်ကျေးရွာမှ တောင်သူ (၇)ဦး၏ စိုက်ပျိုး မြေများတွင် (၂၂)ဧက၊ ဒွေးလှကျေးရွာမှ တောင်းသူ(၁၂)၏ စိုက်ပျိုးမြေများတွင် (၂၇)ဧက၊ သပြေဝန်း ကျေးရွာမှ တောင်သူ(၁)ဦး၏ စိုက်ပျိုးမြေများတွင် (၁၀)ဧက၊ ညောင်ရွေကျေးရွာမှ တောင်သူ(၅)ဦး၏ စိုက်ပျိုးမြေများတွင် (၉)ဧက၊ ပြည်ပန်းကျေးရွာမှ တောင်သူ(၁)ဦး၏ စိုက်ပျိုးမြေများတွင်(၄)ဧက၊ မှိုင်းပန်ကျေးရွာမှ တောင်သူ(၁)ဦး၏ စိုက်ပျိုးမြေများတွင်(၁၀)ဧက၊ ကလေးကျေးရွာမှ တောင်သူ(၄) ဦး ၏ စိုက်ပျိုးမြေများတွင် (၁၀)ဧက၊ စပါယ်တောကျေးရွာမှ တောင်သူ(၁)ဦး၏ စိုက်ပျိုး မြေများတွင် (၃)ဧက၊ သံရွာကျေးရွာမှ တောင်သူ(၁)ဦး၏ စိုက်ပျိုးမြေများတွင် (၁၀)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ စနစ်တကျ နည်းပညာများ ကူညီပေးလျက်ရှိပြီး သွင်းအားစုအနေဖြင့် ထယ်ရေးပြင်ချိန်တွင် တစ်ဧကနွားချေးနှင့် မြေဆွေးတစ်မျိုးမျိုးကို နွားလှည်း(၅)စီးမှ(၁၀)စီး၊ ယူရီယား(၁၁၂)ပေါင်၊ တီစူပါ(၅၆)ပေါင်နှင့် ပိုတက်ရှ်(၅၆)ပေါင် အသုံးပြုပြီး အဖူးဝင်ချိန်တွင် ယူရီးယား(၅၆)ပေါင် ထပ်မံထည့်သွင်း စိုက်ပျိုးကြောင်းနှင့် စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အောင်မြင်ဖြစ်ထွန်းသည့် အပင်ပေါက်နှုန်း (၈၀)ရာခိုင်နှုန်း အထက်ရှိသော နေကြာမျိုးများရွေးချယ်ပြီး တစ်ဧက မျိုးစေ့(၃)ပြည်နှုန်းဖြင့် အပင်ပေါက် သေချာစေရန် မြေအစိုဓာတ်လုံလောက်ချိန်တွင် အနက်တစ်လက်မခွဲမှ နှစ်လက်မအတွင်း စိုက်ပျိုးထားကြောင်း၊ သတ်မှတ်အပင်ဦးရေ(၂၉၀၀၀)ဝင်ဆန့်စေရန် တန်းကြား(၂)ပေ၊ ပင်ကြား (၉) လက်မဖြင့် (၁)ကျင်းလျင်မျိုးစေ့(၂)စေ့နှုန်းဖြင့် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သက်မောင်(ပြန်/ဆက်)