ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် မဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်၊ မရှိခဏဓမ္မရောင်ခြည် ကျောင်းတိုက်၌ ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ်အသံမစဲမဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီမှကြီးမှူး၍ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ် တံခွန်တိုင်ဆရာတော်ဘဒ္ဒန္တဥူးသောဘဏ၊ မရှိခဏဓမ္မရောင်ခြည်ကျောင်းတိုက်ဆရာတော် ဥူးတိက္ခာစာရနှင့် ပင့်သံဃာတော်များ၊ နေပြည်တော် ကောင်စီဝင်ဦးမြင့်စိုး၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟန်ဝင်းထူး၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊  ဥတ္တရခရိုင် သာသနာရေးမှူးဦးနိုင်လင်း၊ မြို့နယ် သာသနာရေးမှူးဦးကျော်မြင့်သူ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ တံခွန်တိုင် ဆရာတော်ဘဒ္ဒန္တဥူးသောဘဏမထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။  

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့်ပရိတ်ရေများ အသီးသီးကပ်လှူပူဇော်ခဲ့ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်များကဦးဆောင်၍ ပရိသတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ပြီး "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ တတိယအကြိမ်​မြောက်အသံမစဲမဟာပဋ္ဌာန်း​မြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၃ ရက်နေ့ထိ ၅ ရက်တိုင် အလှည့်ကျ သံဃာတော်၂၅ ပါးဖြင့်ရွတ် ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိမြို့နယ်)