ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို၊ ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစန်းက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉)ခုနှစ် နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး (၇)ရပ်အနက် ကလေးနှင့် လူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း သည် တစ်ခုအပါအဝင်ဖြစ် ကြောင်းနှင့် ကလေးသူငယ်ဥပဒေကို (၁၄-၇-၁၉၉၃) ခုနှစ်တွင် ရေးဆွဲ ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ နည်းဥပဒေကို ရေးဆွဲခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်းနှင့် ဥပဒေ အကြောင်းအရာများနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်းကို ရှင်းလင်းဟောပြောသည်။ ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသူများ၏ မေးမြန်းမှုများအပေါ် ဒုတိယညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဟောပြောပွဲ ကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ ဟောပြောပွဲသို့ ညောင်ဦးခရုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အသင်းဝင်များနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၂၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)