သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနား ကျင်းပ

ပျဉ်းမနား ဖေဖော်ဝါရီ ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ-ပျဉ်းမနားမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံပျဉ်းမနား၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ တင်ထွဋ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)မှ ကျောင်းအုပ်ဆရာ မကြီးက “ ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကို ၁၉၅၄ ခုနှစ် ဩဂုတ်လတွင် စတင်ဖွင့်လှစ်ခဲ့ကာ ပညာသင်နှစ် ၃နှစ် သင်ကြားခဲ့ကြပီး ယခုလက်ရှိ သတ္တမအကြိမ် စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနား ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)မှ ယနေ့အထိမွေးထုတ်ပေးခဲ့သော ဒီပလိုမာဦးရေပေါင်း (၅၃၇၀) ဦးရှိပြီဖြစ်ကြောင်း၊  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ စိုက်ပျိုးရေးဒီပလိုမာသင်တန်းသား ကျောင်းသား/ ကျောင်းသူ (၁၂၃)ဦး မွေးထုတ်နိုင်ခဲ့ပြီး (၁၃)ဦးမှာ ထူးချွန်စွာအောင်မြင်ကာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲဖြေဆိုရင် အရည်အချင်းပြည့်မီခဲ့ကြောင်း၊ ဒီပလိုမာရရှိသွားတဲ့ မောင်မယ်တို့အနေဖြင့်လည်း သက်ဆိုင်ရာလုပ်ငန်းခွင်အသီးသီးတွင် မိမိတို့ရဲ့ဂုဏ်ဆောင်နိုင်သောစံပြပုဂ္ဂိုလ်များအဖြစ်ရပ်တည်နိုင်အောင် ကြိုးစားနေထိုင်သွားကြပါစေလိုကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးဒေါ်ဝင်းရီမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  စိုက်ပျိုးရေးဒီပလိုမာရရှိသည့် ကျောင်းသား/သူ (၁၂၃)ဦးတို့အား စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်များချီးမြှင့်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲတင့်ထွန်း၊ ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းရီနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်မိဘများ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)