ကျေးလက်နှင့်မြို့ပြ ကွာဟမှုမရှိစေရေး ကျောက်ဆည်မြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးလက်နေပြည်သူများ တွေ့ဆုံဆွေးနွေး

ကျောက်ဆည် ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ လူမှုဘဝများဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့်မြို့ပြကွာဟမှုမရှိစေရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ၂၀၂၂ ခု ဩဂုတ်(၁၉)ရက်နေ့မှ စတင်ပြီး ရက်ကွက်/ကျေးရွာ အုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၈)နာရီခွဲက ဖျောက်ဆိပ်ပင်၊ ချောင်းဆုံ၊ ရေသရောက်၊ ရွာသစ်၊ ရွှေဒါး၊ ရဲဘော်ကြီး၊ ကြက်သားဟင်း၊ ကျေးရွာအုပ်စုများရှိ ကျေးလက်နေပြည်သူများ လူမှုဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများတွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးသွင်က နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေများအား လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းက ဒေသဖွံ့ဖြိုးရေးနှင့် အခွန်(၄)မျိုး ကောက်ခံမှုများအကြောင်းကိုလည်းကောင်း၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးက နိုင်ငံသားစီစစ်ရေးကတ်ပြား မရှိသူများအား နိုင်ငံသားကတ်များ ပြုလုပ်ပေးနေမှု အခြေအနေများ၊ အိမ်ထောင်စုပုံစံ(၆၆/၆) ပြုလုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယမြို့နယ် ပညာရေးမှူးမှ အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်မှု၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး မိဘ/ဆရာဝိုင်းဝန်ျားကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ ကျန်းမားရေး ဦးစီးဌာန ဖျောက်ဆိပ်ပင်တိုက်နယ် ကျန်းမာရေးဆရာမက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးခြင်းများနှင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေးနေခြင်းများကိုလည်ကောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးက စိုက်ပျိုးသီးနှံများအတွက် ပိုးမွှားအန္တရာယ်ကာကွယ်ရေးဆိုင်ရာများနှင့် နွေနှမ်းသီးနှံ စိုက်ပျိုးရေးအကြောင်းများကိုလည်းကောင်း၊ ‌မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ကျွဲနွားတိရိစ္ဆာန်များအား ကူးစက်ရောဂါများအား မဖြစ်ပွားစေရေး ကိစ္စရပ်များကိုလည်းကောင်း၊  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက စိုက်ပျိုးရေးပေးဝေမှုများနှင့် ချောင်းမြောင်းများအတွင်း အမှိုက်မစွန့်ပစ်ရေး၊ ရေခွန်များပေးနိုင်ရေး စသည့်အကြောင်းအကြောင်းအရာများကို အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျေးလက်ဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်လျှပ်စစ်ရုံးနှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ပြည်သူများအတွက် လုပ်ဆောင် ပေးနေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်းနှင့် ပြည်သူများက ပြန်လည်လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များအကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မျိုးသွင်က ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။     

သက်မောင်(ကျောက်ဆည်)