ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း တစ်ပိဿာ ၁၀၀၀ ကျပ် ရောင်းချရ

ညောင်ဦး ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲ စိုက်ပျိုး တောင်သူများ ပိန္နဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်းကောင်းမွန်ကာ ဆွတ်ခူး ရောင်းချချိန် တစ်ပိသာ ၁၀၀၀ ကျပ် ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်ခင်းဝင် ငွေတွက်ခြေကိုက် နေကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လဲဂွကျေးရွာ၊ လက်ပံအိုင့်ကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ လျော်တော၊ နဂါးလည်၊ ဆည်းမ၊ ဆည်ကျေးရွာ များသည် ထိုင်ဝမ်ပိန္နဲစိုက်ပျိုးကြသည့် ကျေးရွာများ ဖြစ်ကြောင်း၊ ထိုင်ဝမ်ပိန္နဲမျိုးပင်များအား ပြင်ဦးလွင်မြို့သို့ သွားရောက်ဝယ်ယူခဲ့ကြပြီး ပျိုးပင်တစ်ပင် ငါးထောင်ကျပ်မှ ကိုးထောင်ကျပ်ထိ ပေးဝယ်ပြီး စိုက်ပျိုးကြကြောင်း၊ တစ်ပင်နှင့် တစ်ပင် (၁၂)ပေခြား စိုက်ပျိုးရပြီး မစိုက်ပျိုးမည် တစ်ပေခွဲပတ်လည်တူးကာ မြေဆီမြေဆွေးထည့်ပြီး ဆယ်ငါးရက် ခန့်ရေလောင်းနှပ်ထားရကြောင်း လဲဂွကျေးရွာ ထိုင်ဝမ် ပိန္နဲစွန့်ဦး စိုက်ပျိုးသူ ဦးသောင်းတင်က ရှင်းပြသည်။ ထိုင်ဝမ်ပိန္နဲပင်များ စတင်စိုက်ပျိုးပြီး တစ်နှစ်ခွဲခန့်အကြာတွင် စတင် အပွင့်ပွင့် အသီးသီးသော်လည်း အသီးများ မတင်ပဲ နှစ်နှစ်ခွဲသားအပင်မှသာ အသီးစတင်တင်ကြောင်း သိရသည်။

ထိုင်ဝမ်ပိန္နဲပင်များ အရွယ်ရောက်လာသည့်အခါ ပိန္နဲပင်တစ်လျှင် ပိန္နဲသီးအနည်းဆုံး သုံးလုံးမှ အလုံးလေးဆယ်ထိ သီးကြောင်း၊ ပိန္နဲသီးတစ်လုံး လေးပိဿာမှ ဆယ်လေးပိဿာထိကြီး ကြောင်း၊ ပိန္နဲသီးရောင်းချရာတွင် တစ်လုံးခြင်း မရောင်းချပဲ တစ်လုံးပိသာချိန် အရှိအတိုင်း ရောင်းချကြောင်း သိရသည်။ ပိန္နဲပင်များ သီတင်းကျွတ်၊ တန်ဆောင်မုန်းတွင် အပွင့်ပွင့်ကြပြီး တပိုတွဲ၊ တပေါင်းလတို့တွင် ဆွတ်ခူးရောင်းချကြကြောင်း သိရသည်။ ထိုင်ဝမ်ပိန္နဲသီးများသည် အိမ်မာသီး များ ဖြစ်ခြင်းကြောင့် စားသုံးသူများ အင်တန်ကြိုက်ကြပြီး ပိန္နဲသီးပေါ်ချိန် စိုက်ခင်းများအထိ ပိန္နဲသီးပွဲစားများ လာရောက် ဝယ်ကြကြောင်း၊ ထွက်ရှိလာသည့် ပိန္နဲသီးများ အားလုံးအပြင် မရောင်းချရပဲ ပိန္နဲသီးပွဲစားများ စိုက်ခင်းထိလာပြီး ဝယ်ယူခြင်းကြောင့် ခရီးစရိတ်သက်သာခြင်း၊ မြို့ပေါ်ဖောက်သယ် မရှာရခြင်းများကလည်း ထိုင်ဝမ်ပိန္နဲစိုက်ပျိုးတောင်သူ များအတွက် အခွင့်အရေးတစ်ရပ်လည်းဖြစ်ကြောင်း သိရသည်။

ဒီပါလင်း