မိုင်းဆတ်မြို့၌ ဂေါ်ဖီထုပ်စိုက်တောင်သူများ အဆင်ပြေ

မိုင်းဆတ် ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာတွင် ဂေါ်ဖီထုပ်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ တောင်သူများ မိသားစုအပိုဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဆိုက်ခေါင်ကျေးရွာ၊ နမ့်ခုတ်ချောင်းဘေးရှိ တောင်သူဦးစိုင်းအေး၏ ယာမြေတွင် စိုက်ပျိုးထားသည့် ဂေါ်ဖီထုပ်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ပထမအသုတ် စိုက်ပျိုးခဲ့သည့် ဂေါ်ဖီထုပ်များ ရောင်းအားကောင်းသည့်အတွက် ဒုတိယအသုတ်ထပ်မံစိုက်ပျိုးထားပြီး ဂေါ်ဖီထုပ်အရွယ်အစားအလိုက် တစ်ထုပ်လျှင် ကျပ်(၁၀၀၀)မှ (၁၅၀၀)အထိ ရောင်းချရခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဂေါ်ဖီထုပ်အားစိုက်ပျိုးခြင်းမပြုမီ မြေမွအောင်ထွန်ယက်ရပြီး ပေါင်းသတ်ဆေးဖြန်းခြင်း၊ နွားချေးထည့်ခြင်းများပြုလုပ်ပြီး စိုက်ပျိုးပြီးချိန်တွင် ဂေါ်ဖီအထုပ်ထုပ်စေရန် ဆေးဖြန်းခြင်းများ ဆောင်ရွက်ရကြောင်း တောင်သူဦးစိုင်းအေးထံမှ သိရသည်။

မြင့်မောင်(မိုင်းဆတ်)