လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၁၇

ကျောင်းသား/ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ လူအများ‌ ရှေ့တွင် ပြောရဲဆိုရဲရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်နှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံ‌တေးခရိုင်ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာပေချစ်မြတ်နိုးသူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာပေလေ့လာဖတ်ရှုပြီး ဗဟုသုတအတွေး အမြင်များရရှိစေရန် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်းကြောင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Youth Club အသင်းမှ အဖွဲ့ဝင်ကိုကိုအောင်က စာရေးဆရာ‌‌ ဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အ‌ကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ထဲမှ မှားမှာကိုမကြောက်ပါနဲ့ ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်းမှ‌ မောင်ကျော်ဖြိုးဝေက အောင်မြင်ခြင်းအတွက် တည်ဆောက်ယူခြင်း ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊‌ မောင်သူရကလူငယ်နှင့် စူးစမ်းလေ့လာမှုများခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ Youth Club အသင်းမှအဖွဲ့ဝင် ကိုကို‌အောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေး‌ နွေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ပြန်/ ဆက်)