တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ထားဝယ်    ဖေဖော်ဝါရီ ၁၇

တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကိုက  တနင်္သာရီ တိုင်းဒေသကြီးသည်ခရီးသွားလုပ်ငန်းအတွက် စိတ်ဝင်စားစရာကောင်းသောနေရာဖြစ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမှာ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးသင့်သည်များကို လုပ်ကိုင်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ခရီးသွားလာရောက်သည့် ဧည့်သည်များ၌ သက်ကြီးရွယ်အိုများအား အဆင်ပြေပြေသွားလာနိုင်ရန် ဝန်ဆောင်မှု ကောင်းအောင်ဆောင်ရွက်ပေးရန်အဓိကလိုအပ်ကြောင်း၊  ဟိုတယ် လုပ်ငန်းများဆောင်ရွက်နေသူများအနေဖြင့် ခရီးသွားဧည့်သည်များလာရောက်တည်းခိုပြီး၍ ပြန်လည်ထွက်ခွာပါက ဝန်ဆောင်မှုကောင်းသတင်းများ ပါသွားရန်လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းတွင် ဧည့်လမ်းညွှန်၏ ဆက်ဆံရေးသည်လည်း အရေးကြီးသော ကဏ္ဍတွင်ပါဝင်ကြောင်း၊ခရီးသွားလုပ်ငန်း ကဏ္ဍနှင့်ဆက်နွှယ်နေသောဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများအနေဖြင့်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင်ရန်အတွက် ရှိရင်းစွဲခရီးစဉ်နေရာများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊  ဒေသတွင်း ခရီးစဉ် နေရာများအားပြည်တွင်း၊ပြည်ပ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လာအောင်မြှင့်တင်ကြော်ငြာနိုင်ရန်လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် တိုင်းဒေသကြီး၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ များစွာအထောက်အပံ့ဖြစ်စေနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့် ဒေသတွင်းခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ရန်အတွက် ကော်မ တီအဖွဲ့ဝင် ဌာနဆိုင်ရာများ အနေဖြင့် ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်စပ်ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပမှ မိတ်ဖက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အစိုးရဌာနများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ဒေသခံများနဲ့ပူးပေါင်းပြီး စဉ်ဆက်မပြတ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်ပြီးစီးမှုအခြေအနေများနှင့် ကော်မတီမှဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဆိုင်ရာအမှာစာများအား ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍစနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)