ကလိန်အောင်မြို့တွင် ပြောင်းဖူးစိုက်‌တောင်သူများ အထွက်နှုန်းနည်းပါးသော်လည်း  ဈေးကောင်းရရှိ ၍အဆင်ပြေ

ကလိန်အောင် ဖေဖော်ဝါရီလ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ဒေသတွင် ဆောင်းသီးနှံအဖြစ် ပြောင်းဖူးအပင်များကိုစိုက်ပျိုးကြရာ ပြောင်းဖူးပေါ်ချိန်၌ အထွက်နှုန်းနည်းပါးသော်လည်း ဈေးကောင်းရရှိ၍ ကလိန်အောင်မြို့ ပြောင်းဖူးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်တောင်သူထံမှ သိရသည်။

“ကျနော်တို့ဒေသမှာတော့ သကြားပြောင်းနှင့် ကောက်ညှင်းပြောင်းဟူ၍ နှစ်မျိုးကိုစိုက်ပျိုးကြပြီး ဒီနှစ်မှာတော့ပြောင်းဖူးက အောင်မြင်ဖြစ်ထွန်းမှုးနည်းပါး‌သော်လည်းဈေးကောင်းရရှိ၍  ပြောင်းဖူးအစေ့အပင်အောင်မြင်လာတာနဲ့ ကြွက်တွေကစားလိုက်ဆိုတော့ မျိုးစေ့ပြန်ဝယ်ပြီး ပြန်စိုက်ပျိုးရတယ်၊ ပြောင်းဖူးမျိုးစေ့ကလည်း အရင်နှစ်ကထက်ဈေးက နှစ်ဆပိုကြီးလာတယ်၊ တစ်ဧကကိုကုန်ကျငွေက (၇)သိန်းနီးပါးခန့်ရှိတယ်ဟု ပြောင်းဖူးစိုက်တောင်သူတစ်ဦးက ပြောသည်။

ကလိန်အောင်မြို့တွင် ပြောင်းဖူးအပင်များကိုဆောင်းရာသီမှ စတင်ပြီး‌တော့စိုက်ပျိုးကြပြီး သုံး‌လလောက်အကြာမှအဖူးထွက်ပြီး ခူးဆွတ်ရောင်းချရတယ်" ဟု ဒေသခံပြောင်းစိုက်တောင်သူ ဦးမျိုး‌အောင် ကပြောသည်။

အရင်နှစ်က‌တော့ ကလိန်အောင်မြို့မှထွက်ရှိသော ပြောင်းဖူးများကို ထားဝယ်မြို့နဲ့ ကံပေါက်ဒေသတို့ကို တင်ပို့ရောင်းချလျက်ရှိပြီး ဒီနှစ်တွင် မြို့ကြီးသို့ တင်ပို့ရောင်းချမှုနည်းပါးသွားပြီး ဒေသအတွင်းသာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ၎င်းကဆက်လက် ပြောသည်။

လက်ရှိ ပြောင်းဖူးဈေးနှုန်းမှာ အရွယ်အစားအလိုက် သကြားပြောင်းတစ်ဖူးလျှင် ငွေ  ၃၅၀ မှ  ၄၀၀ ကျပ်ဖြင့် ရောင်းချရကြကြောင်း သိရသည်။ပြောင်းဖူးအပင်များကို ကလိန်အောင်မြို့၊ ဇင်းဘာကျေးရွာ၊ မိကျောင်းလှောင်၊ ကျောက်ရှပ် စသည့်ကျေးရွာများတို့က စီးပွားရေးလုပ်ငန်းအဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်