တာမွေ ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ညအချိန်များ၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာပစ္စည်းများ မရှိစေရေးနှင့် စျေးအတွင်း ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ညပိုင်းအချိန်က တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ညအချိန်များ၌ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ မသမာသူများထားရှိသော မသင်္ကာဖွယ်ရာ ပစ္စည်းများကြောင့် မီးလောင်ကျွမ်းခြင်းများ မဖြစ်ပေါ်စေရေးနှင့် စျေးသူ/သားများ သိမ်းဆည်းထားရှိသော ကုန်ပစ္စည်းများ လုံခြုံမှုရှိစေရေးတို့အတွက် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာသဖြင့် တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် မီးဘေးလုံခြုံရေးကို အဓိကထားစစ်ဆေးခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေး များအား စျေးအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် စျေးများအတွင်း သန့်ရှင်းသပ်ရပ်စေရေး၊ လုံခြုံမှုရှိစေရေးနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်စေရေး၊ စျေးများအတွင်း ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အထူးအလေးထားဆောင်ရွက်နေသလို နွေရာသီကာလ၌ အဆိုပါ စျေးများအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။
နိုင်လင်းအောင်(တာမွေ)