တံတားဦး ဖေဖော်ဝါရီ ၁၇
တံတားဦခရိုင် တံတားဦးမြို့နယ် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေး ဟင်းသီးဟင်းရွက်စိုက်ပျိုး လုပ်ကိုင်သည့် တောင်သူ ကိုသန်းလွင်ဦးထံမှ သိရသည် ။
“ကျွန်တော်တို့အနေနဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ကန်းစွန်းရွက် ၊ ချဉ်ပေါင် ၊ ဆလပ်ရွက် ၊ ဂေါ်ဖီထုပ် ၊ မုံလာထုပ် နှင့် ပန်းမုံလာတွေကို ရေပြန်ကျပြီဆိုတာနဲ့စစိုက်တာပေါ့ ။စတင်စိုက်ပျိုးတာကတော့ အောက်တိုဘာလလောက်ကပါ ။ ကန်စွန်းရွက်ဆို အခုကစရောင်းချရတာ နှစ်ပြန်တောင်ရှိနေပြီး ၊ ပေါ်ဦးပေါ်ဖျားတုံးကတော့ ကန်စွန်းရွက်ကဈေးရတာပေါ့ ၊ ကန်စွန်းရွက် တစ်စည်းကို ငွေကျပ်(၂၀၀)ရတယ် ၊ ယခုအချိန်မှာ ကန်စွန်းရွက်က ပေါလာပြီဆိုတော့ တစ်စည်းကို ငွေကျပ်(၈၀)ဘဲရတော့တယ် ။ ကန်စွန်းရွက်မျိုးစေ့တစ်ထုပ် ငွေကျပ်(၉၀၀၀)ပေးပြီးဝယ်ရတယ် ၊ ဆလပ်ရွက်က မျိုးစေ့တစ်ထုပ်ကို ငွေကျပ်(၂၀၀၀)ကျပ်ပေးဝယ်ရပါတယ် ၊ ဆလပ်ရွက်အပင်ပေါက်ကို ယခုအချိန်မှာ ငွေကျပ်(၁၀၀)ရပါတယ် ။
ဟင်းသီးဟင်းရွက် အပင်တွေကြီးထွားဖို့အတွက် ကျွန်တော်တို့အနေနဲ့သဘာဝမြေဩဇာဖြစ်တဲ့ နွားချေးနဲ့ပုလဲဓါတ်မြေဩဇာကို ထည့်ပေးပြီးတော့ ရေသွင်းစိုက်ပျိုးရတာပေါ့ ၊ ဒီမှာစိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ရောင်းချတဲ့အခါ တစ်ရက်ကိုငွေကျပ်(၁၅၀၀၀)မှ(၂၀၀၀၀)ကျပ်ထိရတော့ မိသားစုအပိုဝင်ငွေရရှိပါတယ်” ဟု တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေး ဟင်းသီးဟင်းရွက်စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူကိုသန်းလွင်ဦးက ဆက်လက်ပြောကြား၍ သိရသည် ။
ဦးရဲတင့်( ပြန်/ဆက်)