ဧရာဝတီမြစ်ဘေးရှိ မြေပဲစိုက်တောင်သူများ ဈေးကောင်းရရှိ

မဟာအောင်မြေ ဖေဖော်ဝါရီ  ၁၇

မြေနုကျွန်းများဖြစ်သည့် ဧရာဝတီမြစ်ဘေးရှိ မြေနုကျွန်းစိုက်ခင်းများတွင် မြေပဲအပါအဝင်အခြားပဲမျိုးစုံများ၊ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးလေ့ရှိရာ ယခုအောက်တိုဘာလဆန်းပိုင်း ဧရာဝတီမြစ်ရေ အတက်အကျပေါ်မူတည်ပြီး ရေကျချိန်ကိုကြည့်၍ မြေပြင်စိုက်ပျိုးခြင်းလုပ်ငန်း များကိုစတင်စိုက်ပျိုးခဲ့ရာ ယခုအခါ သီးနှံမျိုးစုံအနက် မြေပဲစိုက်ပျိုးသူများနုတ်သိမ်းနေပြီး ဈေးကောင်းရရှိနေကြောင်း တောင်သူတစ်ဦးထံက သိရသည်။

နှစ်စဉ်စက်တင်ဘာလ ရေကျချိန်တွင် မြေပဲမျိုးချပြီး ဒီဇင်ဘာလကုန်တွင် မြေပဲနုတ်သိမ်းကြလေ့ရှိသည်။ ဒီနှစ်မှာတော့ ရေတက်ချိန်နောက်ကျလို့ ဖေဖော်ဝါရီလပိုင်းကုန်းလောက်အထိ နုတ်သိမ်းနေရတယ်ဗျ၊ယခင်နှစ်က မြေပဲဆန်ဈေးစံချိန်တင်ဈေးကောင်းရရှိကြတာကြောင့် ယခုနှစ်တွင် မြေပဲစိုက်ပျိုးမှုကို မြေရှိသလောက် တိုးချဲ့စိုက်ပျိုးကြတယ်၊ယခုနှစ် စိုက်ပျိုးစရိတ်များကြီးမြင့်တော့ မြေပဲတစ်ဧက စိုက်ပျိုးစရိတ် ကျပ် ၅ သိန်းမှ ကျပ် ၆သိန်းကျော် ကုန်ကျကြောင်းနှင့် အထွက်နှုန်းမှာ တစ်ဧကလျှင် မြေပဲဆန်(၈)ပြည်စိုက်ပျိုးလျှင် ပြန်လည်နုတ်သိမ်းတဲ့အခါမှာ မြေပဲအတောင့် (၅၀-၆၀)တင်းလောက်ထွက်ပါတယ်၊မြေပဲဆန် ပိဿာ ၂၀၀-၅၀၀ ထိထွက်ရှိကြောင်း ပုသိမ်ကြီးမြို့နယ် သံဘိုကျွန်းကျေးရွာမှ ဦးခင်မောင်ရင် ကပြောသည်။

"နှစ်စဉ်က စက်တင်ဘာ၊အောက်တိုဘာ ရေကျတာနဲ့မြေပြင်ပြီး မန္တလေးဈေးကွက်ကို ရောင်းဖို့ ဈေးကောင်းရနိုင်မဲ့ သီနှံမျိုးသာ အများဆုံး‌ ရွေးချယ်စိုက်ပျိုးတာပါ။ မနှစ်က မြေပဲဈေးကောင်းတော့ စိုက်ကျတာဈေးကောင်းမီလိုက်ကြတယ်။ ဒီနှစ်လည်း လက်ရှိအထိ ဈေးကောင်းရနေပါတယ်။ ကျွန်းမြေဖြစ်လို့ သဘာဝဓါတ်မြေဩဇာကကောင်းပြီးသားပါ၊မြေပဲဈေးကောင်းတော့ မျိုးမြေပဲဈေးကလည်း မြင့်တက်လာပါတယ်။ မနှစ်ကထက်ကို မျိုးမြေပဲ ဈေးက (၂)ဆကျော် မြင့်တက်လာလို့ မျိုးဈေးကလည်း မြေပဲဆန်တစ်တင်း(၅၀၀၀၀) လောက် ဈေးကြီး‌ ပေးဝယ်ရတယ်။ တစ်ချို့လည်း မျိုးဈေးကြီးတော့ မစိုက်ပျိုးနိုင်ကြဘူး။မျိုးဈေးကောင်းတော့ ကုန်ကျစရိတ်နဲ့ စိုက်ပျိုးဖို့ ချိန်ဆနေရတယ်။ မြေပြင်စရိတ်ကလည်း အစစဈေးတက်နေတော့ ကုန်ကျစရိတ်လည်းပိုတယ်။ မျိုးဈေးနဲ့နောက်ပိုင်း ပိုးသက်ဈေးဖျန်းစရိတ်ပေါင်းရင် ကျပ် ၆သိန်းကျော် နီးပါး ကုန်ကျတယ်။ မြေပဲကလည်းစိုက်ပျိုးပြီး (၄)လကျော်မှနုတ်သိမ်းရတာများတယ်၊ အထွက်နှုန်းက တော့ ကောင်းရင်ကောင်းသလို မြေပဲဆန်ပိဿာ ၅၀၀ ထိရသလို အထွက်မကောင်းရင်တော့ ပိဿာ ၂၀၀ ပဲရတာလည်းရှိပါတယ်၊ဒီနှစ် ထွက်နှုန်းလျော့မယ်မှတ်တာ အချို့နုတ်သိမ်းပြီး မြေပဲ ခင်းတွေဆို ယခင်နှစ်တွေလိုထွက်ပါတယ်၊ မန္တလေးမြို့‌ပေါ်တင်ပို့ရောင်းရတာဆိုတော့ ပိဿာ (၁၀၀)ကို (၇၈၀၀၀၀)ကျပ်လောက်ဈေးပေါက်နေတော့ စိုက်ပျိုးရကျိုးနှပ်ပါတယ်၊ ဒီဈေးထက် မကျရင်ပေါ့"ဟု ၎င်းက ပြောသည်။

 မြစ်ရေလျှံ မြေနုကျွန်းများဖြစ်တော့ မြေပဲအပြင် ချဉ်ပေါင်၊ခရမ်း၊ကြက်ဟင်းခါး၊ မုန်လာဥ၊ နံနံ၊ ဘူးသီး၊သခွားသီး၊ ငရုတ်၊ ကိုက်လန်၊မုံညှင်းဖြူများကို သီးညှပ်အဖြစ် အပိုဝင်ငွေရအောင် စိုက်ပျိုးလေ့ရှိကြောင်းသိရသည်။

အောင်ဇော်မင်း