ညောင်ဦးမြို့နယ်တွင် မြေအောက်ရေအသုံးပြု ဆေးရွက်ကြီးစိုက်ပျိုးမှု သုံးပုံတစ်ပုံထိလျော့ကျလာ

ညောင်ဦး ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ဆေးရွက်ကြီး ခေါ် ဗမာဆေးရွက်ကြီးစိုက်ပျိုးမှု သုံးပုံတစ်ပုံထိကျဆင်းလာပြီး အခြားသီးနှံစိုက်ပျိုးမှုများပြာလာကြောင်း သစ်ထောင့်မြောက်ကျေးရွာ တောင်သူဦးအေးထွန်းထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ဆေးရွက်ကြီးစိုက်ပျိုးချိန်တွင် ညောင်ဦး-မြင်းခြံ ကားလမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ဆေးရွက်ကြီး ခေါ် ဗမာဆေးရွက်ကြီး အများ အပြားစိုက်ပျိုးခဲ့ကြရာမှ ယခုအခါ ကြက်သွန်၊ ပြောင်းဖူး၊ ကွမ်း၊ ကုလားပဲနှင့် ငှက်ပျော်သီးနှင့် စိန်တစ်လုံးသရက်၊ ထိုင်ဝမ်ပိန္နဲစိုက်ပျိုးမှုများပြားလာနေပြီဖြစ်ကြောင်း ငှက်ပျောစိုက်ပျိုးတောင်သူ ဦးအောင်ဋ္ဌေးထံကသိရသည်။

ကျွန်တော်တို့ကျေးရွာတွေက တစ်မိုးကောင်းတစ်ချောင်းစီးမျှော်လင့်ချက်နဲ့ နှစ်စဉ်ရာသီချိန်အလိုက် သီးနှံစိုက်ပျိုးကြကာ၊ ဆေးရွက်ကြီးကို မိရိုးဖလာလုပ်ငန်းလိုစိုက်ပျိုးခဲ့ရာကနေ ခုခါမှာတော့ မြေအောက်ရေတူးဖော်ပြီး ဈေးကွက်နဲ့ကိုက်ညီတဲ့ အခြားသီးနှံတွေ စိုက်ပျိုးလာခဲ့တာ ယခင်ဆေးရွက်ကြီးစိုက်ပျိုးမှုရဲ့ သုံးပုံတစ်ပုံသာစိုက်ပျိုးမှုရှိတော့ကြောင်း သိရသည်။ ဗမာဆေးရွက်ကြီးကို ဝါဆိုလ၊ ဝါခေါင်လတို့တွင် ပျိုးထောင်ကြကြောင်း၊ ပျိုး ထောင်ချိန်မှ အပင်ပေါက်ချိန်အထိ နှစ်လခန့်ကြာမြင့်ကာ တော်သလင်းလ၊ သီတင်းကျွတ် လတို့တွင် အပင်ခွဲစိုက်ပျိုးကြကြောင်း၊ တပိုတွဲ၊ တပေါင်းလတို့တွင် ဆေးရွက်ကြီးရွက်များ စတင်ခူးဆွတ်ရောင်းချကြကြောင်း ဦးအေးထွန်းကရှင်းပြသည်။ စိုက်ပျိုးချိန်အတန်း လိုက်စိုက်ပျိုးကြပြီး မြေဆွ၊ ပေါင်းသင်၊ ရေသွင်းမြေတောင်မြောက်ပေးရပြီး အပင်ထွားလာချိန် အရွက်များ အသားတက်လာစေရန် ခေါင်ညွတ်ကိုချိုးနှိမ်ပေးရသည်။ အောက်ဆုံးအရွက်မှစကာ နှစ်ရက် သို့မဟုတ် သုံးရက်ခြားအရွက်များစတင်ခူးရပြီး ခူးပြီးသည့်အရွက်များ အစိုတစ်ပိဿာ ၄၅၀ ကျပ်၊ အစိုမရောင်းလိုလျှင် အခြောက်လှန်းထားကြကြောင်း အခြောက်လှန်းရန်အတွက် ကွင်းပြင်ကျယ်လိုအပ်ကာ ကွင်းပြင်ကျယ်တွင်းခူးထားသည့် ဆေးရွက်ကြီးအရွက်များ တစ်ရွက်ခြင်းဖြန့်ခင်းအခြောက်ခံထားပေးရသည်။ အခြောက်လှန်းထားသည့်ဆေးရွက်ကြီးများ ပုတ်များ၊ ပိုများဖြင့် အရွက်များအထပ်လိုက်လှောင်ထားပြီး ဈေးကွက်ရှိချိန်ပြန်ထုတ်ရောင်းချကြကြောင်း ယခင်နှစ်များက ဆေးရွက်ကြီးအခြောက်ထုတ်ရောင်းချိန် ပိဿာချိန်တစ်ရာလျှင် ဆယ်ငါးသိန်းကျပ်ထိရောင်းချရခြင်းများကြောင့် စိုက်ပျိုတောင်သူများတွက်ခြေကိုက်သော်လည်း ယခုနှစ်ပေါက်ဈေး ပိဿာချိန်တစ်ရာလျှင်(ဆေးရွက်ကြီးအခြောက်) နှစ်သိန်းခွဲကျပ်သာရောင်းချရခြင်းကြောင့် စိုက်ပျိုး ထားပြီးလှောင်ထားသူများ ကုန်ကျစရိတ်ကာမီရုံသာရှိကြောင်း ဆေးရွက်ကြီးစိုက်ပျိုး တောင်သူများကရှင်းပြ၍သိရကာ ဆေးရွက်ကြီး ခေါ် ဗမာဆေးရွက်ကြီးစိုက်ပျိုးမှု သုံးပုံတစ်ပုံသာရှိတော့ပြီး အစားထိုးသီးနှံများ အမြောက်အများစိုက်ပျိုးလာခဲ့ကြောင်း သိရသည်။

ဒီပါလင်း