ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ရှမ်းရွာသစ်  ဖေဖော်ဝါရီ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၄)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ၂၀၂၀ခုနှစ်၊ စာပေဗိမာန် စာမူဆုပြိုင်ပွဲ၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆု တတိယဆုရရှိသော အမျိုးသားစာပေဆုရ စာရေးဆရာအောင်စိုး၏ "မြန်မာ့ယဉ်ကျေးမှု ဆယ့်နှစ်လရာသီဓလေ့ ထုံးတမ်းအစဉ်လာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က စာဖတ်ခြင်းမှ ရရှိသည့် အသိပညာ ဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးသည့်အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၊ ယခုဆွေးနွေးသည့် စာအုပ်တွင် ဆယ့်နှစ်လရာသီနှင့် သက်ဆိုင်သောမြန်မာတို့၏ ရှေးရိုး အစဉ်အလာ ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုအတွေးအခေါ်အယူအဆ၊ စာပေဖြင့် တစ်ဦးနှင့်တစ် ဦး လက်ဆင့်ကမ်းခဲ့သည့် စာပေများကို သိရှိစေလိုသော ရည်ရွယ်ချက်များဖြင့် ရေးသားထားသည့်အတွက် ဖတ်ရှုသင့်သော စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက်  မြန်မာနိုင်ငံအတွင်း အေးအတူပူအမျှ ဥပမကွဲ၊ သိုက်မပျက် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးနွယ်စု (၁၃၅)မျိုး အနက် မြန်မာ (ဗမာ)လူမျိုးနွယ်စု၏ ရိုးရာဓလေ့ယဉ်ကျေးမှုစံနှုန်းများကို ဖော်ပြထားသည့်အတွက် ဗဟုသုတ များစွာရရှိသည့်အပြင် မြန်မာ့ယဉ်ကျေးမှုမပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် တာဝန်များကို လူငယ်များလက်ဆင့်ကမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည်ဖြင့် စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို စာပေချစ်သူများအချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ် ဝိုင်းဆွေးနွေးပွဲကို တစ်လလျှင် (၂)ကြိမ် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)