မိတ္ထီလာမြို့နယ် ကျေးရွာဒေသအချို့၌ မေမြို့ပန်းစိုက်ပျိုးရောင်းချသူတောင်သူများ မိသားစုဝင်ငွေရအဆင်ပြေ

မိတ္ထီလာ ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာဒေသအချို့တွင် မေမြို့ပန်းစိုက်ပျိုး၍ ရောင်းချသည့်လုပ်ငန်းမှ နေ့စဉ်ဝင်ငွေရ၍ အဆိုပါပန်းစိုက်ပျိုးသူတောင်သူများ မိသားစုဝင်ငွေရအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒီအချိန်က ဒီဘက်မှာ မေမြို့ပန်း(ဘုရားပန်း) စိုက်ပျိုးထွက်ရှိတဲ့အချိန်ဆိုတော့ ပန်းစိုက်ပျိုးရောင်းချတဲ့တောင်သူတွေအနေနဲ့ နေ့စဉ်လိုမိသားစုဝင်ငွေလေးရှိတော့ အဆင်ပြေတယ်ပြောရမှာပေါ့။ မေမြို့ပန်း(ဘုရားပန်း) တစ်စီးကို ၃ဝဝ ကျပ် ၊ ၄ဝဝ ကျပ်ကနေ ၅ဝဝ ကျပ်အထိ ပန်းပင်အရေအတွက်ပါတဲ့အပေါ်မူတည်ပြီး ဈေးရတယ်။ မိတ္ထီလာဈေးမှာ သွားရောက်ပြီး ဈေးကွက်တိုက်ရိုက်ရောင်းချတဲ့သူတွေရှိသလို တစ်ဆင့်ဖောက်သည်ပေးပြီး ရောင်းချတဲ့သူတွေလည်းရှိတယ်။ မေမြို့ပန်း(ဘုရားပန်း)ကို ဒီဘက်မှာတော့ ဒီဇင်ဘာလ၊ ဇန်နဝါရီလလောက်ဆို စတင်စိုက်ပျိုးပြီးတော့ ဖေဖော်ဝါရီလကနေ မေလအထိ ထွက်ရှိရောင်းချလေ့ရှိတယ်။ တချို့တောင်သူတွေလည်း နောက်ကျပြီး ခုမှစတင်စိုက်ပျိုးတာမျိုးလည်းရှိတယ်ဟု မွေကျေးရွာအုပ်စု ထန်းတောကျေးရွာမှ မေမြို့ပန်း(ဘုရားပန်း) စိုက်ပျိုးရောင်းချသည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။

မိတ္ထီလာမြို့နယ်အတွင်း မေမြို့ပန်း(ဘုရားပန်း)များကို မွေ၊ ထန်းတော၊ ဥယျာဉ်၊ ချောင်းနား၊ ရှမ်းတဲ၊ သာယာအေး၊ ကဖြူ စသည်ကျေးရွာများတွင် မိသားစုဝင်ငွေရ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုအဖြစ် ဒေသခံတောင်သူတချို့က စိုက်ပျိုးရောင်းချကြောင်းသိရသည်။

ချမ်းသာ