သာစည်မြို့နယ်တွင်အသက် ၈၅ နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်

သာစည် ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်ကျော်က  ထောက်ပံ့ငွေပေးအပ်ခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ထောက်ပံ့ငွေများကို မိမိတို့ဒေသရောက်သည်နှင့် သက်ဆိုင်ရာသက်ကြီးဘိုးဘွားများထံ အမြန်ဆုံး ထောက်ပံ့ပေးသွားကြရန်မှာကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် သက်ဆိုင်ရာသက် ကြီးဘိုးဘွားများထံ  ထောက်ပံ့ပေးအပ်နိုင်ရေး အတွက်ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထောက်ပံ့ငွေပေးအပ်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့်ဒီဇင်ဘာလ တတိယ သုံးလပတ်အတွက်  တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ ဖြင့် ၁၂၄၅ ဦးအတွက် ငွေကျပ် ၃၇၃၅၀၀၀၀ ကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်