ဘားအံ ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ(၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်၏မြို့တော် ဘားအံမြို့အား သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ ပြီးခဲ့ သည့်ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဘားအံမြို့ရှောင်လမ်းနှင့်ရတနာဆင်ဖြူတော်လေးစီးပါဝင်သော မင်္ဂလာရွှေဖားစည်အဝိုင်းကို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်၏ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို မျှော်မှန်းပါကြောင်း၊ ထို့အတူဘားအံမြို့အဝင်ကားလမ်းဘေးတွင် နေကြာစိုက်ခင်းများကို စိုက်ပျိုးထားပြီး ခရီးသွားများအား ဆွဲဆောင်လျက်ရှိကြောင်း၊ ဘားအံမြို့အနီးတောင်ကလေးဘက်တွင်လည်း တိုင်းရင်းသားကျေးရွာတစ်ခုကိုဖန်တီးရန် ရည်မှန်းထားပြီး ပြည်နယ်၏ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုအစည်းအဝေးသို့ တက်ရောက်လာသူများမှလည်း လိုအပ်သည့်အကြံဉာဏ်များကို ပူးပေါင်းတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ကရင် ပြည်နယ်သည် ခရီးသွားများအားဆွဲဆောင်နိုင်သော သဘာဝအလှအပများများစွာ တည်ရှိသောပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ ခရီးစဉ်ဒေသသစ်များကို ရှာဖွေဖော်ထုတ်နိုင်ရေး၊ ပြည်တွင်းပြည်ပ ခရီးသွားလာမှုကို ဖြေလျော့မှုများဆောင်ရွက်ပေးနေသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လင်းက (၂/၂၀၂၃)အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုရမည့်ကိစ္စရပ်များအား (Power Point)ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသူများက ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)