ကန်အေးကျေးရွာ၌ ပဉ္စမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေပြန်လည်ထုတ်ပေး

တောင်သာ ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ကန်အေးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရေး ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာကော်မတီဥက္ကဋ္ဌနေအိမ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက အမှာစကားပြောကြားရာတွင် ဤစီမံကိန်းမှာ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ ကျေးလက်နေပြည်သူများ၏ တာဝန်တစ်ရပ်အဖြစ် ချေးငွေဖော်ပြထားသောလုပ်ငန်များကို အကောင်အထည်ဖော်ဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို အခန်းအလိုက် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် စီမံကိန်းတာဝန်ခံ ဒေါ်စန်းစန်းမြင့်နှင့် ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များက အသင်းသားများကို ချေးငွေထုတ်ချေးနေမှုအပေါ် အနီးကပ် ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြရာ ကန်အေးကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူတောင်သူ(၇၁)ဦးကို ချေးငွေ ၂၂၄ သိန်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ အသင်းသား(၆၈)ဦးကို ချေးငွေ ၁၅၆ သိန်း၊ စုစုပေါင်း အသင်း သား(၁၃၉)ဦးအတွက် ချေးငွေကျပ်သိန်း(၃၈၀)အား ပဉ္စမအကြိမ်အဖြစ်လည်ပတ်နိုင်ရန် ပြန်လည်ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်