ကျိုင်းတောင်းမြို့ရှိ ရေထိန်းတံမံပျက်စီးနေမှုအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကျိုင်းတောင်း ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ဒေသခံပြည်သူများအတွက် တပ်၊ ဌာနဆိုင်ရာစုပေါင်းအဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့ အမှတ်(၄) ရပ်ကွက်ရှိ နမ့်မေ့ချောင်း ရေထိန်းတံမံသို့ သွားရောက်၍ ကွင်းဆင်းလေ့လာစစ်ဆေးမှုပြုလုပ်ခဲ့ကြသည်။

အဆိုပါ ရေထိန်းသည် လွန်ခဲ့သောနှစ်ပေါင်း(၅၀)ခန့်က တည်ဆောက်ထားကာ ယခုအခါတွင် တောင်ကျရေများ တိုက်စားလာခြင်းကြောင့် ပျက်စီးယိုယွင်းလျက်ရှိပြီး ၎င်းတံမံကို အမှီပြည်၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် ပြည်သူများ သီးနှံများ ဆက်လက် စိုက်ပျိုးရန်အခက်အခဲ ရှိနေကြောင်းသိရ၍ ကျိုင်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးဆွေနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွန်းတို့မှ ဦးဆောင်၍ ကျိုင်းတောင်းနယ်မြေစခန်းမှူး ရဲအုပ်မျိုးမြင့်အောင်၊ လမ်းဦးစီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာ ဦးမျိုးသက်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းကျော်အေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ရေထိန်းတံမံနေရာသို့ သွားရောက်ကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး စိုက်ပျိုးရေး လုပ်ကိုင်နေကြသည့် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် စိုက်ပျိုးရေးလုပ်ကိုင်နေကြသည့် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုပြုရာတွင် ကျိုင်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးဆွေနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွန်းတို့က စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် ပြည်သူများအနေဖြင့် ယခုနှစ်မိုးရာသီတွင် သီးနှံများကို အဆင်ပြေစွာ စိုက်ပျိုးလုပ်ကိုင်နိုင်စေရန်အတွက် ပျက်စီးယိုယွင်းလျက်ရှိသည့် ရေထိန်းတံမံအား ပြန်လည်ပြုပြင် မှုပြုလုပ်ရာတွင် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိစစ်သည်များ၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့်  ပြည်သူလူထုများက ပူးပေါင်းပါဝင်လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း၊ လိုအပ်သည့် အကူအညီ များကိုလည်း အဖက်ဖက်မှ ပြီးပြည်စုံအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတောင်း(ပြန်/ဆက်)