စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

စဉ့်ကူး ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်သာမည ရေးသားသည့် “အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က စာဖတ်ပရိသတ်များ၊ စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်များဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်း ပြုလုပ်၍ ဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ခြင်းဖလှယ်နိုင်ခြင်း၊ အတွေးအခေါ်နှင့် အသိအမြင်များ တိုးပွားလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ မောင်သာမည ရေးသားသည့် “အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက “အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်း” စာအုပ်မှ ဉာဏ်ရည်ဉာဏ်သွေး၊ မိမိကိုယ်ကိုယ်ထိန်းချုပ်ခြင်း၊ ခေါင်းဆောင်ဟူသည်၊ တက်ကြွသောသင်ယူမှု  စသည့်  ခေါင်းစဉ် များဖြင့် ဗဟုသုတရဖွယ် သိမှတ်ဖွယ်ရာများ၊ မိမိတို့၏ အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြ​သည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီး ကျွမ်းဝင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)