ကျောက်ဆည် ဖေဖော်ဝါရီ ၁၄
မန္တလေးဒေသကြီး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံသုတေသနဌာနခွဲ၊ ကျောက်ဆည် စိုက်ပျိုးရေးသုတေသနခြံ အသိပညာပေး သင်တန်းခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီခွဲက စပါးသီနှံ ဘက်စုံပိုးမွှားရောဂါနှင့် ပေါင်းကာကွယ်နှိမ်နင်းနည်းပညာသင်တန်း ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် KOPIA Myanmar Center ညွှန်ကြားရေးမှူး Dr Kim Jae Hyun က စပါးစိုက်တောင်သူ များ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒေါက်တာခင်သိန်းညွှန့် ညွှန်ကြားရေးမှူး၊ ဥယျာဉ်ခြံသီးနှံဌာနခွဲ၊ စိုက်ပျိုးရေးသုတေသနမှ စပါးသီးနှံနှင့် အခြားသီနှံများတွင် ကျရောက်ခဲ့သည့် ရောဂါပိုးမွှားများ အကြောင်း၊ ဒေါ်ယဉ်ယဉ်သိမ့် သုတေသနအရာရှိ မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာနှင့် သီးနှံကာကွယ်ရေး သုတေသနဌာနခွဲ၊ ပေါင်းသုတေသနဌာနစု၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သီးနှံများတွင် ကျရောက်တတ်သည့် ပေါင်းမြက်နှိမ်နင်းနည်းများအကြောင်းနှင့် ဒေါ်သီသီဝင်း သုတေသနအရာရှိ မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာနှင့် သီးနှံကာကွယ်ရေး သုတေသနဌာနခွဲပေါင်း သုတေသနဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ စပါးသီးနှံနှင့် ပဲမျိုးစုံသီးနှံများတွင် ကျရောက်နိုင်သည့် ရောဂါ ပိုးမွှားများအား ဘက်စုံကာကွယ်နည်းများအကြောင်း အသီးသီး ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူနည်းပညာပေး ရှေ့တန်းစခန်းများ ဖြစ်သည့် မင်းရဲ၊ သင်းတွဲ၊ သင်းဒီး၊ တမုတ်၊ စမာ၊ ထုံးကြီး စခန်းများမှ အကျိုးဆောင် တောင်သူများ တက်ရောက်ခဲ့ပြီး အဆိုပါတောင်သူများမှတစ်ဆင့် ပတ်ဝန်းကျင်တောင်သူများသို့ နည်းပညာများ ထပ်ဆင့်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)