တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်

တောင်သာ ဖေဖော်ဝါရီလ ၁၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ( ၈) နာရီခွဲအချိန်က စာပေမြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                 

အဆိုပါ စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ အရှင်ဇနက ရေးသားသော ကိုယ့်ကိုယ်ကိုအားပေးကူညီခြင်း စာအုပ်မှ နွားခြေရာခွက်ထဲမှာပဲ မနေကြပါနဲ့ အခန်းအား ဖတ်ကြားရာတွင် လောကမှာ လူအမျိုးမျိုးရှိကြသလို နယ်ပယ်အမျိုးမျိုး၊ ဒေသအမျိုးမျိုး၊ အယူအဆအမျိုးမျိုး၊ ခံယူချက်အမျိုးမျိုးရှိကြပါတယ်။ ကိုယ့်ဒေသ ကိုယ့်နယ် ပယ်မှာ ဘယ်လောက်ပင် တော်တယ်တတ်တယ်လို့ သမုတ်ကြပါစေ၊ တခြားဒေသ တခြားနယ်ပယ်မှာ အံ၀င်ဂွင်ကျ ဖြစ်ချင်မှ ဖြစ်မှာဖြစ်ပါတယ်။ ကိုယ့်ဒေသ ကိုယ့်နယ်ပယ်မှာ ကိုယ့်လူတွေနဲ့ကိုယ် ခံယူချက်တွေက မှန်နေပေမယ့် တခြားဒေသ တခြားနယ်ပယ်တွေမှာ ကိုယ့်ခံယူချက်တွေက မှားနေတတ်ပါတယ်။ ကိုယ်သိထားတာကိုပဲ အမှန်လို့ ယူဆနေရင် နွားခြေရာခွက်ထဲက ဖားလိုပဲ ဖြစ်မှာသေချာတယ်။ နွားခြေရာခွက်ထဲက ဖားဆိုတာ သူ့ရဲ့နေရာကိုပဲ ကမ္ဘာကြီးလိုထင်ပြီး အော်နေတာဖြစ်ပါတယ်။ အပြင်လောကကို သူမသိနိုင်ပါဘူး။ အိမ်မှာတော်ပြီး အပြင်မှာလွဲချော်နေရင် အဲဒါလူတော် မဟုတ်ပါဘူး။ အိမ်မှာလည်းတော် အပြင်မှာလည်းတော်နေမှ လူတော်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ကိုယ်တကယ်တော်ကြောင်း၊ မတော်ကြောင်း သိချင်ရင် အိမ်ရဲ့အပြင်ထွက်ကြည့် ကိုယ်တကယ်တော်လား၊ မတော်လားဆိုတာ သိလာပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာခံစားချက်ကို ဦးစားပေးတတ်ကြပြီး ဦးနှောက်နဲ့အသိဉာဏ်ကို မသုံးကြပါဘူး။ ကိုယ့်မှာရှိနေတဲ့ ယူဆမှုအမှား တွေကို ရိုးသားစွာ မစွန့်လွှတ်နိုင်သေးပါဘူး။ သူများရဲ့ အယူအဆ တွေကို ရိုးသားစွာ နားမထောင်နိုင် သေးပါဘူး။ သူများတွေရဲ့ အယူအဆတွေကို ဘုမသိ ဘမသိ ငါတို့နဲ့မတူ မှားသည်ဟု ကျဉ်းမြောင်းသော အတွေးတွေနဲ့ ရှင်သန်နေတုန်းပါပဲ၊ ဖြစ်နိုင် မဖြစ်နိုင် ဆင်ခြင်သုံးသပ်ပါ။ သူများတွေရဲ့ အတင်းအဖျင်းတွေကို ကိုယ်တိုင်အထင်တလုံးနဲ့ ဝုန်းဒိုင်းကြဲ နေမယ်ဆိုရင် ကိုယ်တိုင်လည်း ဗဟုသုတမဲ့သူ ဖြစ်သွားမှာ ဖြစ်ပါတယ်။ နွားခြေရာခွက်ထဲမှာပဲ မနေကြပါနဲ့ နွားခြေရာခွက်ထဲမှာ လွတ်မြောက်ဖို့ ကြိုးစားကြဖို့ လိုပါကြောင်း စသည်ဖြင့် တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။              

ကျော်မျိုးနိုင်(တောင်သာ)