ကျွန်းစုမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျွန်းစု ဖေဖော်ဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကပကျေးရွာအုပ်စု၊ အ.လ.က ကဒဲကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“မိမိတို့ ဒေသရပ်ရွာရှိ ကလေးသူငယ်တိုင်းကို သူတို့အပေါ် ကျရောက်လာမဲ့ အန္တရာယ်တွေကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရန်၊ ကလေးများအပေါ် လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း ခံရသော ကလေးများအား နိုင်ငံ တော်နှင့် ပြည်သူများအားလုံးက ကာကွယ်စောင့်ရှောက်ပေးရန်၊ ကလေးသူငယ်များအတွက် အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ပေးရန်” ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က ပြောသည်။

ဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ကလေးသူငယ်အခွင့်အရေးများ၊ ဝန်ကြီးဌာန၏ စီမံဆောင်ရွက်ထားရှိမှုများ၊ ကလေးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း တရားစီရင်ရေးနှင့် ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝင့် ပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး လူမှု ဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာသော ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံများအား ကြက်ဥများ ဝေငှပေးခဲ့ကြကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)