တံတားဦးမြို့နယ်တွင် ဆောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စီးပွားဖြစ်စိုက်ပျိုးသူများ အပိုဝင်ငွေရရှိ

တံတားဦး ဖေဖော်ဝါ ၁၄

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အများပြည်သူများ နေ့စဉ်စားသုံးသည့် သီးနှံများအနက် ဆောင်းရာသီ၌ စိုက်ပျိုးသော သီးနှံပင်များဖြစ်သည့် အိမ်ရှင်မများ ချက်ပြုတ်ကြ‌သော မုန်ညင်းပင် ၊ ငရုတ် ၊ ဂေါ်ဖီထုပ် ၊ ပန်းမုန်လာ ၊ ခရမ်းသီးပင်နှင့် ကန်စွန်းရွက် ပင်များကို တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာရှိ တောင်သူများက စီးပွားဖြစ် စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်း၍ အထွက်ကောင်းပြီး ဈေးကောင်းရရှိသဖြင့် မိသားစု အပိုဝင်များ ရရှိကြောင်း သိရသည်။

အဆိုပါဟင်းစားပင်များကို ကျေးရွာတောင်သူများက အများအပြား စိုက်ပျိုးကြကြောင်း၊ ဟင်းစားပင်များ စိုက်ပျိုးရာတွင် မြေဆီမြေဩဇာကြွယ်ဝစေရန် နွားချေးနှင့် မြေဆွေးများ ထည့်မွှေပေးရကြောင်းနှင့် အအေးကြိုက်သော သီးနှံအမျိုးအစားဖြစ်၍ ဆောင်းရာသီတွင် ပိုမိုစိုက်ပျိုးကြပြီး အောင်မြင် ဖြစ်ထွန်းကြောင်း ဟင်းစားပင်များစိုက်ပျိုးသည့် တောင်သူဦးနေဇော်အောင်၏ ပြောကြားချက်အရ သိရသည် ။

သီးနှံပင်များစိုက်ပျိုးရာတွင် တစ်ပင်နှင်တစ်ပင် တစ်ပေခြားစိုက်ပျိုးရကြောင်း၊ ဆောင်းရာသီအစ နိုဝင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါ ခူးခွတ်ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ဟင်းစားပင်များကို အပင်လိုက်နုတ်၍ရောင်းချခြင်း၊ ပန်းမုန်လာများကို ခုတ်၍ ရောင်းချခြင်း၊ ဂေါ်ဖီတစ်ထုပ်လျှင် ငွေကျပ်(၅၀၀)ကျပ်၊ ပန်းမုန်လာတစ်ပွင့်လျှင်(၈၀၀)ကျပ် ၊ ကိုက်လန်တစ်စည်းလျှင် (၇၀၀)ကျပ်၊ မုန်ညှင်း တစ်စည်းလျှင် (၅၀၀)ကျပ်ရောင်းချရပြီး စီးပွားဖြစ်စိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည် ။

ဦးရဲတင့်( ပြန်/ဆက်)