နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၁၀

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် အဆိုပါလမ်းသစ်၌ ကျင်းပသည်။   

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည်နိုင်ငံတော်၏ မြို့တော်ဖြစ်သည်နှင့်အညီ Green City, Clean City, Smart City ဖြစ်စေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိပါကြောင်း၊  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခွဲဝေရရှိသော ဘဏ္ဍာငွေများကို မြို့နယ်များအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ခွဲဝေချထားပေးခဲ့ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ပဒုမ္မာလမ်းအား ဒေသခံပြည်သူများ ရာသီမရွေးစိတ်အေးချမ်းသာစွာ သွားလာနိုင်ရန်အတွက် ပြည်သူလူထုအနေဖြင့်လည်း ရေရှည်အသုံးပြုနိုင်ရေးကို တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန် ပြောကြားသည်။

ထို့နောက် ရပ်မိရပ်ဖတစ်ဦးက ပဒုမ္မာလမ်းကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်းကွန်ကရစ်လမ်းသစ်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးကျော်သိန်းဆိုင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပင်ကံ့ကော်ကုမ္ပဏီတာဝန်ခံ ဦးဝင်းထွန်းက ဖွင့်ပွဲအထိမ်းအမှတ်အလံများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများအား ပေးအပ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရွှေကြာပင်ရပ်ကွက်၊ ပဒုမ္မာလမ်းမှာ လမ်းအရှည်(၃၄၀၀)ပေ၊ အကျယ်(၁၈)ပေ၊ (၈)လက်မထု ကွန်ကရစ်လမ်းဖြစ်ပြီး တန်ဖိုးငွေကျပ်(၂၂၈ ဒသမ ၈၆၇)သန်းဖြင့် နေပြည်တော်ကောင်စီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပင်ကံ့ကော်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)