မိုင်းဖြတ်မြို့နယ်၊ အခြေခံပညာစာသင်ကျောင်းများတွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး

မိုင်းဖြတ် ဖေဖော်ဝါရီလ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်  သတင်းလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်းများသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ “အေးအတူ ပူအမျှ” ခေါင်းစဉ်ဖြင့် ၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်း ကောက်နုတ်ချက်၊ ပြည်ထောင်စုစိတ်ဓာတ် ခေါင်းစဉ်ဖြင့် ၁၂-၂-၂၀၂၂ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သော မိန့်ခွန်းကောက် နုတ်ချက်၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့  ခေါင်းစဉ်ဖြင့် ဆောင်းပါးတို့နှင့် စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့ဟူသည့်ကဗျာ စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ဟူသည့် ဆောင်ပုဒ်၊ ပညာပေးကာတွန်း စသည့်အကြောင်းအရာများကို  အနာဂတ်မျိုးဆက်သစ် လူငယ်များ လေ့လာသိရှိမှတ်သားနိုင်စေရန် အကျဉ်းချုပ် ထည့်သွင်းဖေါ်ပြထားရှိကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင် (၃၀၀) စောင်ခန့်ကို အခြေခံပညာအထက်တန်းကျောင်းဖြစ်သည့် အ.ထ.က(မိုင်းဖြတ်)နှင့် အ.ထ.က (ဟိုနား) ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ( ပြန်/ဆက် )