(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကလေးပြိုင်ပွဲကျင်းပ

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၁၀

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကလေးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁ လမ်း၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြားရှိ ရွှေဘုံသာဘုရားဝန်းအတွင်း ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မွေးကင်းစမှ အသက် ၆ လအထိ ကလေးငယ်ပြိုင်ပွဲ၊ အသက် ၆ လမှ ၁ နှစ်အထိ ကလေးငယ်ပြိုင်ပွဲ၊ အသက် ၁ နှစ်မှ အသက် ၁ နှစ်ခွဲအထိ ကလေးငယ်ပြိုင်ပွဲ၊ အသက် ၁ နှစ်ခွဲမှ ၂ နှစ်အထိ ကလေးငယ်ပြိုင်ပွဲ စသည့်ပြိုင်ပွဲများကိုကျင်းပခဲ့ပြီး အသက်၊ အရပ်၊ ကိုယ်အလေးချိန်၊ ဆေးစစ်ချက်၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ အသိဉာဏ်ဖွံ့ဖြိုးမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကာကွယ်ဆေးထိုးနှံမှု စသည်တို့ကို စစ်ဆေးအကဲဖြတ်အမှတ်ပေးခဲ့သည်။

ထို့နောက် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသော မွေးကင်းစမှ အသက် ၆ လအထိ ကလေးငယ်ပြိုင်ပွဲ၊ အသက် ၆ လမှ ၁ နှစ်အထိ ကလေးငယ်ပြိုင်ပွဲနှင့် အသက် ၁ နှစ်မှ အသက် ၁ နှစ်ခွဲအထိ ကလေးငယ်ပြိုင်ပွဲတို့မှ ကလေးငယ်များ၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိကြသော ကလေးငယ်များ၊ အမွှာဆုရရှိသော ကလေးငယ်များနှင့် စံပြမိခင်ဆုရရှိသူတို့အား မဟာအောင်မြေခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မဟာအောင်မြေခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်၊ ချမ်းအေးသာစံမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နေဇာဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းလင်းချစ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကလေးငယ်များနှင့်မိဘများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

တင်ဇာလှိုင်