သန်လျင် ဖေဖော်ဝါရီ ၁၀
လူမှုဝန်ထမ်းဦးစီးဌာနက စီစဉ်ကျင်းပသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)ဦးအောင်မြင့်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ ကျယ်ကျယ်ပြန့်ပြန် သိရှိနှိုင်စေရေး၊ ပြစ်မှုပြစ်ဒဏ်များအား တက်ရောက်လာကြသူများက ဆွေးနွေးအကြံပြုပေးကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာအောင် က ကလေးသူငယ်အခွင့်ရေးတွင် ပါဝင်သည့် အကြောင်းအရာများ၊ ကော်မတီဖွဲ့စည်းခြင်း၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်ချက်များနှင့် လူမှုဝန်ထမ်းဦးစီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဝင်း က ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာကြသော လူငယ်သင်တန်းကျောင်း တာဝန်ခံများ၊ ဂေဟာများ၊ ပုဂ္ဂလိကမူကြိုကျောင်းနှင့် ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများမှ တာဝန်ခံများက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)