ကျွန်းစု ဖေဖော်ဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြိုကျောင်းတွင်း ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရှိ ကျွန်းစုမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တန်းခွဲ(A)မှ သမီးငယ်လေးများက “မီးမီးလေးရဲ့ မေ့မေ့ကျောင်း” သီချင်းဖြင့် ကပြဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဉာဏ စွမ်းရည်ပြိုင်ပွဲများဖြစ်သော ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အဖွဲ့လိုက် သီချင်းဆိုပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ရာ မူကြိုကျောင်းမှ သားငယ်လေးများနှင့် သမီးငယ်လေးများက အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ကာယစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က အဆိုပါ မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး A to F ရုပ်ပုံနှင့်ယှဉ်တွဲခြင်းပြိုင်ပွဲ၊ ကြိုးသီပြိုင်ပွဲ၊ အရုပ်စီးပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲများတွင် မူကြိုကျောင်းရှိ အကြီးဆင့်၊ အငယ်ဆင့် သားငယ်လေးများနှင့် သမီးငယ်လေးများက ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။
ထို့နောက် ဆုပေးပွဲ အခမ်းအနားအား ဆက်လက်ကျင်းပရာ သားငယ်လေးများနှင့် သမီးငယ်လေးများအား မူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းစန္ဒာအေးနှင့် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)