မြစ်သား ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်၊ ကူမဲမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လျော့နည်းစေရေး၊ မီးသတ်ဆေးဘူးများ အသုံးပြုတတ်စေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲက သံချပ်ကာယန္တရား သင်တန်းကျောင်း၌ လက်တွေ့ပြသဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆောင်ရန်ရှောင်ရန်များ မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို အရာရှိစစ်သည်များနှင့် ရဲမေများအား အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် မီးသတ်ဆေးဘူးများဖြင့် လက်တွေ့အသုံးပြု၍ စနစ်တကျမီးငြှိမ်းသတ်မှုများကို သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အရာရှိစစ်သည်များအား လက်တွေ့ပြုလုပ်စေခြင်းများကို ဆောင်ရွက်ခဲ့ပြီး ကူမဲမြို့ သံချပ်ကာ ယန္တရားသင်တန်းကျောင်းမှ (ခေတ္တ) ကျောင်းအုပ်ကြီး ဗိုလ်မှူးမြတ်မိုးဇော်မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)