ဘားအံ ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊အဘွားများအား ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့မှုပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့မှုပေးခြင်းလုပ်ငန်း၊ ရပ်ရွာအတွင်းဖွဲ့စည်းထားရှိသော လူမှုအားမာန်အဖွဲ့များအား ထောက်ပံ့မှုပေးခြင်းလုပ်ငန်းနှင့် လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်လာကြသော ဘိုးဘွားများအနေဖြင့်လည်း မိမိတို့ရပ်ရွာအတွင်း မိမိ တို့ဘဝတစ်လျှောက် လေ့လာမှတ်သားသင်ယူခဲ့သမျှ အတွေ့အကြုံကောင်းများကို နောင်လာနောင်သားများအား အပြုသဘော ဆန်ဆန်မျှဝေခြင်း၊ ကိုးကွယ်ရာဘာသာတရား၊ လူ့ကျင့်ဝတ်ဖြင့် လိုက်လျောညီထွေ နေထိုင်ကျင့်ကြံနိုင်ရန် ဆိုဆုံးမခြင်း၊ ရပ်ရွာကောင်းကျိုးအတွက် ကောင်းသော ဝန်ဆောင်မှုပေးခြင်းတို့ကို တတ်စွမ်းသလောက်ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့နယ်ရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး ၆၀၃ ဦး အဘွား ၁၀၂၀ ဦး၊ စုစုပေါင်း ၁၆၂၃ ဦးအတွက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၄၈၆၉၀၀၀၀ (လေးရာရှစ်ဆယ်ခြောက်သိန်းကိုးသောင်း)ကျပ်ကို ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်ထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသော အဘိုး၊အဘွားများအား ထောက်ပံ့ငွေနှင့် အဟာရ ဖြည့်စွက်အစားအစာများအား လက်ရောက်ပေးအပ်ခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)