(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၁၀

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြတ်လာစေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ပြည်သူများနှင့် ကျောင်းသား /ကျောင်းသူများ မိမိတိုင်းပြည်အပေါ် ချစ်ခင်မြတ်နိုးစိတ်များဖြင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ကိန်းအောင်းနေစေရန်ရည်ရွယ်၍ အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အသိပညာပေးဆွေးနွေးပွဲအားကျင်းပရာ မြို့နယ်စာရေးဆရာအသင်းမှ  အတွင်းရေးမှူး ဦးခင်ဇော် (ခင်ဇော်ကော့မှူး) က တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် ၁၉၄၇ ခုနှစ်က ပင်လုံမြေတွင် တည်ဆောက်ခဲ့သော နားလည်ယုံကြည်မှုအင်အားများနှင့် တိုင်းရင်းသား ပြည်သူအချင်းချင်း ချစ်ခင်ရင်နှီးစည်းလုံး ညီညွတ်မှုကို အခိုင်အမာပြသရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်းတည်ငြိမ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အသက်တမျှအရေးပါ ကြောင်းနှင့် ၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ကျော်သူရ