မောက်မယ် ဖေဖော်ဝါရီ ၁၀
၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုလွိုင်ကျေးရွာအုပ်စု၊ နားလော့ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာအဝင်လမ်းသစ်တွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးနေဝင်းနှင့် လင်းခေးအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသန့်ထင်စိုးတို့က အဖွင့်အမှာစကားနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း ဆွေးနွေးပြောကြားပြီး လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်“ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထွက်ကုန်၊ ထုတ်ကုန်များကို ကုန်ကျစရိတ် အနည်းဆုံးဖြင့် စျေးကွက်သို့လျှင်မြန်စွာရောက်ရှိစေရန် ရည်ရွယ်ကြောင်း၊ ယခုဖွင့်လှစ်သည့် နားလော့ကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းအကျယ်၈ပေ၊ အရှည်ပေ၉၀၀ကျေးရွာတွင်းကွန်ကရစ်လမ်းအား အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့သဖြင့် လမ်းရေရှည်တည်တံ့ခိုင်မြဲစေရန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကျေးရွာလမ်းကော်မတီမှ ဦးဆောင်၍ ကျေးရွာသူကျေးရွာသားများနှင့် ပူးပေါင်းပြီးထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း” ပြောကြားခဲ့ပြီး နားလော့ကျေးရွာနေပြည်သူလူထုကိုယ်စား နန်းဖွေးဟွမ် က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်ပြီး လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးနေဝင်း၊ လင်းခေးအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသန့်ထင်စိုး၊ လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်တို့က အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါကျေးရွာတွင်းကွန်ကရစ်လမ်းသည် ဒေသခံကျေးရွာနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့အတွက် ပိုမိုအဆင်ပြေလာစေနိုင်ပြီး မြစိမ်းရောင်စီမံကိန်းအားမပျောက်ပျက်အောင်ကျေးရွာများမှ ထိန်းသိမ်းစောင့်ရှောက်သွားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုလွိုင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဂန္ဓမာက ပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)