လှည်းကူး ဖေဖော်ဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူငယ်လူရွယ်များ ဘက်စုံဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အင်းတိုင်) ငွေစံပယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ လှည်းကူးခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က လူငယ်များသည်နောင်တချိန်တွင် ခေါင်းဆောင်များဖြစ်လာနိုင်သည့်အတွက် လူငယ်ဘဝကို အကျိုးရှိစွာဖြတ်သန်းရန်၊ အသိပညာဗဟုသုတပြည့်ဝစေရန်အတွက် စာပေများကို လေ့လာဖတ်ရှုကြရန်နှင့် ထူးချွန်ထက်မြက်သောလူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်း(အင်းတိုင်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမူက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုပညာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းအားဖြင့် ကျောင်းသား/ သူလူငယ်များ ဗဟုသုတများစွာ တိုးပွားစေသည့်အတွက် ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက် ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် ဦးဆောင်၍ ကျောင်းသား/ သူ(၆)ဦးက လူငယ်နှင့်စာပေ၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်များဖြင့် အသိပညာဗဟုသုတများကို ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြသည်။ ထို့နောက်ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား/ သူများက သိရှိလိုသည်များကို ပြန်လည်၍ မေးခွန်းများမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက မေးခွန်းများအား ကဏ္ဍအလိုက် အသီးသီးပြန်လည်ဖြေကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လှည်းကူးမြို့နယ်ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ ဆက်)