ဘားအံ ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ်အတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုနောင်ရေးအတွက် တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေး ရည်ရွယ်ဖွင့်လှစ်သည့် ဂဟေဆက်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီခန့်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ဘားအံ) ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းသားများအနေဖြင့် တက်ရောက်ခဲ့သည့် တစ်လတာကာလအတွင်း သင်တန်းမှ သင်ကြားပို့ချပေးခဲ့သော သင်ခန်းစာများကို သေချာစွာ လေ့လာမှတ်သား အသုံးချပြီး မိမိဒေသ၊ ရပ်ရွာ၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းသယ်ပိုး ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ သင်တန်းမှ တတ်မြောက်ခဲ့သည့် အသိပညာ၊ အတတ်ပညာများကို အသုံးချ၍ မိမိတို့၏ စိတ်ကူးစိတ်သန်း အကြံဉာဏ်များ ဖြည့်စွက်ပြီး တီထွင်ကြံဆလုပ်ကိုင်နိုင်ခြင်းဖြင့် သင်တန်းသားများသည် အလုပ်အကိုင် အခွင့်အလမ်းများ မလွဲမသွေ ရရှိလာမည်ဖြစ်ပြီး တစ်ဦးချင်း ဝင်ငွေများ မြင့်မားလာမည်ဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပေးခဲ့သည့် အသိပညာ၊ အတတ်ပညာများဖြင့် ရောင့်ရဲတင်းတိမ်မနေပဲ မိမိတို့၏ ဘဝတိုးတက်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူနေဖို့လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ရည်ရွယ်ချက်များ၊ သင်တန်းတွင် သင်ကြားပို့ချချက်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သင်တန်းဆင်းသင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြား၍ ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်ထားသော သင်တန်းဆင်းလက်ရာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)