ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၁၀
အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူလေးများအား သိသင့်သိထိုက်သည်များအား သိရှိနိုင်စေရေးနှင့် အထွေထွေဗဟုသုတများ သိမြင်တိုးပွားရရှိလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြုလုပ်ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ကျင်းပသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က လူငယ်များအနေဖြင့် Online မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုအသုံးပြမှုများ ပြားလာသည့် Facebook Page စာမျက်နှာများအား သတိထားကြည့်ရှုလိုကြောင်း ယုံကြည်မှုလွန်ကဲစွာဖြင့် မသုံးစွဲမိစေရေး အဆိုပါ On line Facebook Page စာမျက်နှာများသည် မသုံးစွဲတတ်ပါက လူငယ်များအနေဖြင့် အလွန်ပင်အန္တရာယ်ကြီးများပြီး လမ်းမှားရောက်တတ်ကြောင်း စသည်များနှင့် ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် အလွန်အန္တရာယ်ကြီးမားပြီး လူညွန့်တုံးစေသည့် မူးယစ်ဆေးဝါးများအား မသုံးစွဲမိစေရေးအတွက် အထူးပင်ရှောင်ရှား၍ လူတော်လူကောင်းများနှင့် နိုင်ငံ့သားကောင်းမျိုးဆက်သစ် လူငယ်မောင်မယ် ကျောင်းသား ကျောင်းသူလေးများအနေဖြင့် လမ်းမှားမရောက်အောင် ပညာကိုကြိုးစားသင်ယူစေလိုကြောင်း စသည်များအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် အဆိုပါဦးစီးဌာနမှ ကျောင်းသား ကျောင်းသူလေးများ လေ့လာသိရှိမှတ်သားနိုင်စေရေးအတွက် အသိပညာပေးနံရံကပ်စာစောင်များနှင့် ဓာတ်ပုံမှတ်တမ်းများ ခင်းကျင်းပြသပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူလေးများမှ လိုက်လံကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး