သီပေါမြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်သရုပ်ပြ၊ လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်

သီပေါ ဖေဖော်ဝါရီ ၁၀

မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးအောင်ကြည်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မင်းမြတ်စံကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဒေါ်နန်းဌေးဌေးဦး ကိုယ်ပိုင်အထက်တန်းကျောင်းများသို့ သွားရောက်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးငြိမ်းသတ်သရုပ်ပြခြင်း၊ လက်တွေ့လေ့ကျင့်ပေးခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းများ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်ကြည်ထွန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ်ဆောင်ရွက်ရမည့်အကြောင်းအရာများ စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက အကျဉ်းဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုဝင်များအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းသတ်သရုပ်ပြသခြင်း၊ မီးသတ်ပိုက်ဖြင့် မီးငြိမ်းသတ်သရုပ်ပြသခြင်းများဆောင်ရွက်၍ အဆိုပါကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ပြုလုပ်ဆောင်ရွက်ခြင်းများကို လေ့ကျင့်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)