ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူများ စားအုန်းဆီကို ဈေးနှုန်းသက်သာမှန်ကန်စွာ ဝယ်ယူစားသုံးနိုင်ရေး နေရာ(၅)နေရာတွင် Mobile စနစ်ဖြင့် လှည့်လည်ရောင်းချပေး

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များကြီးများအသင်းမှ စားအုန်းဆီများကို ပြည်သူများ ဈေးနှုန်းသက်သာမှန်ကန်စွာဝယ်ယူစားသုံးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ၊ ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာ(၂)ရွာတို့တွင် Mobile စနစ်ဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းက ပြည်သူများ စားအုန်းဆီကို ဈေးနှုန်းမှန်ကန်စွာနှင့် အလွယ်တကူဝယ်ယူရရှိနိုင်စေရန်အတွက် Mobile စနစ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ၊ ယနေ့တွင် မြို့ပေါ်ရှိ ဘူတာရပ်ကွက်၊ မြို့မတောင်ရပ်ကွက်၊ သာယာအေးရပ်ကွက်နှင့် ကျေးရွာများတွင် ရေထွက်ကျေးရွာနှင့် ပေါက်သစ်ကျေးရွာတို့တွင် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့သို့ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာလျှင် သတ်မှတ်ရည်ညွှန်းဈေး တစ်ပိသာလျှင် ၄၉၀၀ ကျပ်ဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်းနှင့် နေရာ(၅)နေရာတွင် စုစုပေါင်း ဆီပိဿာချိန် ၁၅၄၀ ပိဿာရောင်းချပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းထံမှ သိရသည်။ အဆိုပါ စားအုန်းဆီရောင်းချပေးရာနေရာများသို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများက ကုန်စည်အရည်အသွေးပြည့်မီရေးနှင့် အချိန်အတွယ်တိကျမှန်ကန်မှုရှိစေရေး၊ ဈေးနှုန်းမှန်ကန်စေရေးတို့အတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေအောင်