သီပေါ ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချု်ပရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန်နှင့် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ အခမ်းအနားကျင်းပရေးကော်မတီတွင်ပါဝင်သော ဌာနဆိုင်ရာများမှ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲမှူးအောင်မြင့်မြတ်မှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်စည်မှ အခမ်းအနား အပြင်အဆင်ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းက ကျင်းပမည့်နေရာ၊ ဘင်ခရာအဖွဲ့များနှင့်ပတ်သက်၍လည်းကောင်း၊ လူငယ်ရေးရာဝန်ကြီးဌာနအားကစားနှင့် ကာယပညာဦးစီးဌာနက အားကစားပြိုင်ပွဲများ ဆောင်ရွက်မည့်ကိစ္စရပ်များကိုလည်းကောင်းစသည်ဖြင့် ဖွဲ့စည်းထားသောကော်မတီများမှ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)