ကျောက်ဆည် ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ရောက်ရှိမည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်း များတွင် ကျောင်းသား/ကျောင်းသူများအား လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ စစ်မှန်သာ မျိုးချစ်စိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ အထင်ကရ နေ့ထူးနေ့မြတ်များ အစဉ်သတိရစေရန်၊ ပြည်ထောင်စုစိတ် ဓာတ်များ ပိုမိုထက်သန်လာစေရန်၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ ပိုမိုသိရှိပြီး အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင်တင်ထွေး