သီပေါ ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ယနေ့နံနက်(၉)နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာလင်းကကျောင်းသား၊ ကျောင်းသူလူငယ်များ သမိုင်းဝင်နေ့ထူးနေ့မြတ်များကို ရင်ထဲတွင် ထာဝစဉ်မှတ်သားသိရှိစေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ သမိုင်းဝင်ပင်လုံစာချုပ်နှင့်ပတ်သက်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများစသည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူလူငယ်များသိရှိစေရန် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပြည်ထောင်စုနေ့နှင့်ပတ်သက်သော အကြောင်းအရာများ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ သမိုင်းဝင်ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းစသည့် အသိပညာပေးနံရံကပ်စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)